မင်္ဂလာဒုံမြို့နယ်သည် ရန်ကုန်မြို့၏ မြောက်ဘက်စွန်းပိုင်းတွင် တည်ရှိသော မြို့နယ်တစ်ခုဖြစ်သည် ။ မြို့နယ်၏ မြောက်ဘက်တွင် မှော်ဘီမြို့နယ် ၊ အရှေ့ဘက်တွင် မြောက်ဥက္ကလာပမြို့နယ် ၊ အနောက်ဘက်တွင် အင်းစိန်မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်၊ တောင်ဘက်တွင် မရမ်းကုန်းမြို့နယ် တို့ဖြင့် ဝိုင်းရံတည်ရှိလျက်ရှိသည်။ မင်္ဂလာဒုံမြို့နယ်သည် ၉ ကီလိုမီတာကျယ်ဝန်းပြီး ရပ်ကွက်ပေါင်း ၃၁ ခုဖြင့်ဖွဲ့စည်းထားသည်။ မင်္ဂလာဒုံမြို့နယ်သည် ရန်ကုန်မြို့၏ အဓိက ခရီးသွားလာမှုများအတွက် အရေးပါသည့် အောင်မင်္ဂလာအဝေးပြေး ကားဂိတ်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တည်ရှိသော မြို့နယ်လည်း ဖြစ်သည် ။ အောင်မင်္ဂလာအဝေးပြေးဂိတ်သည် ရန်ကုန်မြို့မှနေ၍ မြန်မာပြည်အနှံ့ခရီးသွားလာရန်အတွက် အထိက အသက်သွေးကြောဖြစ်သလို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးသည်လည်း မြန်မာပြည်တွင်း နိုင်ငံတစ်ဝှမ်းမက နိုင်ငံတကာအထိပြေးဆွဲပျံသန်းလျက်ရှိသည့် လေဆိပ်ကြီးတစ်ခုဖြစ်သည် ။ ရန်ကုန်မြို့၏ အရေးပါသည့် ပညာရေး တက္ကသိုလ်တစ်ခုဖြစ်သည့် ကွန်ပျူ တာတက္ကသိုလ်(ရန်ကုန်) နှင့် မြန်မာနိုင်ငံ၏ တပ်မတော်သူနာပြုနှင့် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် တို့တည်ရှိသော မြို့နယ်လည်းဖြစ်သည် ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်ခုတည်းသောရှိသည့် သဘာဝဘေးမဲ့ဥယျာဉ်ကြီး လှော်ကားဥယျာဉ်တည် ရှိသောမြို့နယ်လည်းဖြစ်သည် ။ အချုပ်အားဖြင့်ဆိုသော် မင်္ဂလာဒုံမြို့နယ်သည် ရန်ကုန်မြို့၏အဝင်ဝ မြို့နယ်ဖြစ်ပေမယ့် စည်းကားပြီး အထင်ကရ အရေးပါသည့် အခြေခံ အဆောက်အဦးများရှိသည့် အတွက် အရေးပါသောမြို့နယ်များထဲက တစ်ခုအပါဝင်ဖြစ်သည် ။